Wednesday, June 6, 2012

ဣဿာ ၊ မစ္ဆရိယ


       
            သူတပါး ယူငင်သုံးစွဲမှာ စိုးရိမ်တာကို ပါဠိတော်မှာတော့ မစ္ဆရိယ လို့ ခေါ်ပါတယ်။
မစ္ဆရိယ ဆိုတဲ့ ပါဠိစကားလုံးရဲ့အဓိပ္ပယ်ကတော့ -

            “ သူတပါးတို့အား မရစေချင်တဲံသဘောတည် ” လို့ဆိုပါတယ်။
တချို့က မလှူရက် မပေးရက် မကမ်းရက်တာကို မစ္ဆရိယ လို့ သုံးနေကြတာ မမှန်ပါဘူး။
            မချစ်ဘူး မပေးချင်ဘူးဆိုတာ ကို့ပစ္စည်းကို ကိုင်တွယ်တာ မက်မောတဲ့လောဘ သက်သက်ပဲ ဖြစ်ပါတယ်။
            မိမိပစ္စည်းပဲဖြစ်ဖြစ်၊ တခြားပစ္စည်းပဲဖြစ်ဖြစ် ဂုဏ်ကိုပဲဖြစ်ဖြစ် သူတပါး မရစေချင်ရင် မစ္ဆရိယပါပဲ။ 
တကယ်တော့ မစ္ဆရိယက ကို့အတွက် ဘာမှ အကျိုးမရှိဘဲနဲ့ “ အကုသိုလ် ” အလကား အခမဲ့ယူနေတဲ့ သဘောပါ။

            ကျမ်းဂန်မှာတော့ မစ္ဆရိယ (၅) မျိုးပြဆိုပါတယ်။

အာဝါသမစ္ဆရိယ -
မိမိနေထိုင်ရာ ကျောင်း၊ အိမ်ရာ၊ နေရာအတွက် ၀န်တိုမှု။

နောက်တခုက ကုမစ္ဆရိယပါ -
လူဆိုရင်တော့ မိမိဆက်ဆံနေတဲ့ ဇနီးမယား၊ ခင်ပွန်းလင်သား၊ ရည်းစား၊ သားသမီး၊ မိဘဆွေမျိုးနဲ့ တခြားသူ တရင်းတနှီး ဆက်ဆံတာကို မနှစ်မြို့တာ မကျေနပ်တာကို ခေါ်တာပါ။
သံဃာဆိုရင်တော့ မိမိ ဒကာ ဒကာမတွေနဲ့ တခြားသံဃာ (သဒ္ဒါတရားဖျက်ဆီးမယ့် သံဃာလွဲပြီး ) နဲ့ မဆက်ဆံစေ ချင်ရင် မစ္ဆရိယပါပဲ။ ဒီလို ပုဂ္ဂိုလ်မျိုးအဖို့ မိမိမှလွဲပြီး တခြားသူနဲ့ ဆက်ဆံတာကို မြင်တွေ့ရရင် ၀မ်းထဲက ပူပူလောင်လောင်တွေဖြစ် စိတ်ရိုင်းတွေဝင် ဒေါသတွေ ပေါက်ကွဲဖြစ်တတ်ကြပါတယ်။
            နောင်ဘ၀ကျတော့လည်း ဆွေမဲ့မျိုးမဲ့ အဖော်ကင်းမဲ့တဲ့ဘ၀မျိုးရောက်ရတာမျိုးပါ။

လာဘမစ္ဆရိယကတော့ -
            လာဘ်လာဘအပေါ် ၀န်တိုမှုပါ။

ဝတ္တာမစ္ဆရိယ ဆိုတာကတော့
အဆင်း၊ ရုဏ်သတင်း နှစ်မျိုးလုံးမှာ ၀န်တိုတာကို ခေါ်တာပါ။ အထူးသဖြင့်မိန်းမသားတွေမှာ မိမိထက်ပိုပြီး လှတယ်ဆိုရင် မကျေနပ်ကြပါဘူး။

ဓမ္မမစ္ဆရိယ ကတော့-
 မိမိတတ်တဲ့ပညာ မိမိသိတဲ့တရားအပေါ် ၀န်တိုမှုပါပဲ။
သူတပါးက မသိနားမလည်လို့ မေးလာရင် ကောင်းကောင်းမွန်မွန် မဖြေကြားတာမျိုး၊ လုံးဝမပြောတာမျိုး၊ ဆရာစား ချန်တာ မျိုးတွေဟာ ဓမ္မမစ္ဆရိယ သဘောပါ။

ဒီနေရာမှာ ဣဿာ အကြောင်း ပြောချင်ပါတယ်။
ကိုယ့်ထက်သာ မနာလို၊ အကြံတူ ရန်သူ၊
အလုပ်တူ ငြင်စူ ဆိုတဲ့စကားက ဣဿာ ရဲ့အနက်ကို ပိုရှင်းစေပါတယ်။
တကယ်တော့ ဣဿာ က များသောအားဖြင့် ဂုဏ်ချင်း သိပ်ကွာရင် မဖြစ်ပါဘူး၊ သူမသာ ကိုမသာမှာသာ ဖြစ်တတ်တဲ့ သဘောရှိပါတယ်။


ဣဿာ နဲ့ မစ္ဆရိယအကြောင်း အကျယ်တ၀င့် ရှင်းပြရတာက -
            ချစ်သူချင်း တစ်ဦးအပေါ်တစ်ဦး ချစ်ခင်တွယ်တာလာပြီဆိုရင် ဣဿာ တွေ မစ္ဆရိယ တွေ များများလာတတ် ကြလို့ပါ။
            တကယ်တော့ -
            တယောက်က တယောက်ကို ချစ်တယ်ဆိုတာ ပိုင်ဆိုင်ချင်လို့ စကားကမ်းလှမ်းတာပါပဲ။  ဒီလို စကားကမ်းလှမ်းလို့ တယောက်ကလည်း သဘောတူတယ်ဆိုရင် အပြီးအပိုင် စာချုပ်ချုပ် (လက်ထပ်ထိမ်းမြား တရားဝင်ပေါင်းသင်းတာ) ပြီး၊ “ ဒါ ကျွန်တော်ပိုင်တဲ့ သူပါ” ၊ “ ဒါ ကျွန်မ ပိုင်တဲ့သူပါ” လို့ ကြေညာလိုက်တာပါ။
            ကိုယ်ပိုင်တယ်လို့ သတ်မှတ်ပြီးကတည်းက .........
(တကယ်တော့ သမီးရည်းစားဘ၀ ကတည်းက)
တခြားသူ တစုံတယောက် ကိုယ့်ပစ္စည်း (ကိုယ့်ချစ်သူ) ကို ထိပါးလာမှာ၊ သုံးစွဲမှာကို သဘောမကျတော့ပါဘူး။
            ဆိုလိုတာက ကိုယ့်ချစ်သူကို တခြားသူစိမ်းတယောက် (တချို့ အမျိုးချင်းတောင်မှ ) နဲ့ လက်ပွန်းတတီး ထွေးရောယှက် ရယ်ရယ်မောမော ပြောတာဆိုတာ၊ နေတာ ၊ ထိုင်တာကို မကြိုက်တော့ပါဘူး။

ဒါ မစ္ဆရိယ ပဲလေ။

ကိုယ့်ချစ်သူ ကိုယ့်ဇနီးက ကိုယ့်လင်သားက၊
ဘယ်သူကတော့ အရမ်းချောတာပဲ၊
ဘယ်သူကတော့ ဘယ်လို ကျက်သရေရှိတယ်၊
ဘယ်သူကတော့ ဘယ်လို ဂုဏ်မျိုးရှိတယ်ဆိုရင် ငြူစူချင်လာပါတယ်။

ဒါ ဣဿာ ပဲလေ။

ဒီလိုဆိုရင်၊
ချစ်တယ်ဆိုတာ ဘာလဲ၊
နောက်ဆုံးတော့ တဦးတည်း မူပိုင် သတ်မှတ်တဲ့သဘောပါပဲ။
တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်ပါ။
မင်းကို သိပ်ချစ်တယ် မင်းကို မမြင်ရရင် ငါ မနေနိုင်ဘူး။
မင်းအသံလေးကို ကြားနေရတာ ငါ့နားဝမှာ စမ်းရေစီးသံလိုပဲကွာ ဆိုတဲ့ စကားတွေက -
ဘယ်သူစိတ်ချမ်းသာဖို့လဲ ၊
ကို့အတွက်လား ၊ သူ့အတွက်လား၊
ကို့ကို မမြင်ရရင် မနေနိုင်တော့ စိတ်မချမ်းသာတာ ဘယ်သူလဲ၊
ကို့အသံ မကြားရရင် မနေနိုင်တာ စိတ်မချမ်းသာတာ ဘယ်သူလဲ၊
ကို့ကို မထိတွေ့ရင် မနေနိုင်တာ စိတ်မချမ်းသာတာ ဘယ်သူလဲ၊
နောက်ဆုံးတော့ -
 သူ စိတ်ချမ်းသာဖို့ ကိုယ်က အဖြည့်ခံသက်သက်ဆိုတာ ထင်ရှားနေတာပဲလေ။
            ဒါကိုပဲ တချို့က-
“ ဟယ် ကြည့်စမ်း၊ ငါ့ကို ချစ်လိုက်တာ၊ မြတ်နိုးလိုက်တာ” လို့ တလွဲ အဓိပ္ပယ်ကောက်ပြီး သာယာကြည်နူး သဘောတွေ့ မနောခွေ့  နေကြသေးတယ်နော်.။
အမှန်တကယ် တဦး နဲ့တဦး အပြန်အလှန် ဆာလောင်နေကြတာကိုပဲ ..........
“အချစ်”
ဤအရာကို အချစ်ဟု ခေါ်သည်လို့ ဆိုရမယ် ထင်ပါတယ်။

No comments:

Post a Comment