ပန်းသီးနဲ့
အလှပြင်မယ်
ပန်းသီးတစ်လုံးရဲ့
ကုန်ကျစရိတ်ဟာ ပြောပလောက်အောင် မရှိပါဘူး။ ပန်းသီးကို သွားရည်စာအဖြစ် စားသုံးလို့ ရသလို
အလှအပ အတွက်လည်း အကျိုးရှိအောင် အသုံးချနိုင်ပါတယ်။
ဒါ့အပြင်
ကျန်းမာရေး ရှုထောင့်အရ ကြည့်မယ် ဆိုရင်လည်း နေ့စဉ် စားသုံးသင့်တဲ့ အသီးအနှံ
တစ်မျိုးထဲမှာ ပါပါတယ်။ ပန်းသီးဟာ တခြားသော အသီးများထက် ပျိုမေတို့နဲ့
ပိုရင်းနှီးတဲ့ အသီးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အာဒမ်နဲ့ ဧဝတို့ရဲ့ မစားကောင်းတဲ့
ပန်းသီးလိုတော့ မဟုတ်ဘူးပေါ့။ ဒါကြောင့် ပန်းသီးနဲ့ ပတ်သက်ပြီး ပျိုမေတို့
အကျိုးရှိမယ့် အချက်ထွေလီ ကာလီလေးတွေ ကြည့်လိုက်ကြရအောင်။
ပန်းသီး ကိုယ်ရေးအကျဉ်း
ပန်းသီး
အမျိုးအစားပေါင်း ၇,၀၀၀ ကျော်ရှိပါတယ်။ ပန်းသီးမှာ ဗီတာမင်စီဓာတ် ပါဝင်ပါတယ်။
ကယ်လိုရီအားဖြင့် ၈၁ ရှိတယ်။ ကမ္ဘာမှာ လက်ရှိ ပန်းသီး ထုတ်လုပ် နိုင်စွမ်းဟာ
တစ်နှစ်ကို တန်သန်း ၄၀ ကျော်ရှိပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ
ပန်းသီးနဲ့ပတ်သက်ရင် ကမ္ဘာမှာ ထုတ်လုပ်မှု အများဆုံးနိုင်ငံပဲ ဖြစ်ပါတယ်။
သူ့နောက်မှာမှ အမေရိကန်က ဒုတိယ လိုက်ပါတယ်။ အမေရိကန်ကို ပန်းသီးဟာ ၁၆၀၀
ဝန်းကျင်မှာ ဥရောပက လာရောက်နေထိုင်တဲ့ သူတွေက အစေ့သယ်ဆောင် လာရာကနေစပြီး
ပန်းသီးကို စတင်စိုက်ပျိုးခဲ့ကြတာ ဖြစ်တယ်။
အကျိုးကျေးဇူး
တစ်နေ့တစ်လုံး
မှန်မှန် စားသုံးမယ်ဆိုရင် ဒေါက်တာနဲ့ ဝေးမယ်ဆိုတဲ့ ရှေးစကားကို ကြားဖူးကြမှာပေါ့။
ပန်းသီးဟာ လူရဲ့အရေပြားတွန့်ခြင်းကို ကာကွယ်ပေးပါတယ်။ ဆံကေသာ
ကြီးထွားနိုင်စွမ်းကိုလည်း မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင်များရဲ့ လေ့လာ
ဆန်းစစ်ချက်အရ ပန်းသီးဟာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်စွမ်းပိုးတွေကို
ကာကွယ်ပေးတယ်လို့ သိရတယ်။ ပန်းသီးဟာ ခံတွင်းကို သန့်ရှင်းစေတယ်။ သွားဖုံးတွေကို
ကြံ့ခိုင်စေတယ်။ ကိုလက်စထရော Level ကို လျှော့ချနိုင်တယ်။ နေ့စဉ် ပန်းသီးနှစ်လုံး
စားသုံးပေးခြင်းဟာ ကိုယ်တွင်းရှိ ကိုလက်စထရော Level ကို ၁၀ ရာခိုင်နှုန်း လျှော့ချ
ပေးနိုင်ပါတယ်။ ကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှား ရှင်းလင်းပေးတယ်။
တစ်နေ့ကို ပန်းသီးဖျော်ရည် သုံးကြိမ် သောက်သုံးပေးခြင်းဟာ ကိုယ်တွင်းကို
ဝင်ရောက်ကူးစက်လာမယ့် ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။ ပန်းသီးဟာ
ဝမ်းချုပ်ခြင်းကိုလည်း တားဆီး ပေးမယ်။ ပန်းသီးကြီးတစ်လုံးမှာ အမျှင်ဓာတ် ၃၂
ရာခိုင်နှုန်းပါဝင်ပြီး နေ့စဉ် စားသုံးသင့်တဲ့ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။
အာရုံကြောနဲ့ ပတ်သက်တဲ့ အဆစ်အမြစ်ကိုက် ရောဂါတွေကိုလည်း ပန်းသီးကို နေ့စဉ်
စားသုံးပေး သင့်ပါတယ်။ အစာမကြေတဲ့ ရောဂါရှိတဲ့သူများအတွက် အစာမစားခင်မှာ ပန်းသီး
တစ်လုံးကို စားသုံးသင့်ပါတယ်။
လမ်းညွှန်ချက်
အစက်အပျောက်မရှိတဲ့
ပန်းသီးကိုရွေးပါ။ အရောင်ပျက်နေတဲ့ ပန်းသီးတွေကို မရွေးပါနဲ့။ ပန်းသီးကို
ဝယ်ယူပြီး ခြောက်ပတ်အထိ သိမ်းထားလို့ရပါတယ်။ ပလပ်စတစ်နဲ့ထုတ်ပြီး ရေခဲသေတ္တာထဲမှာ
သိမ်းထားပါ။ ဒါပေမဲ့ ပန်းသီးကို မကြာခဏ စစ်ဆေး ထုတ်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။
ပန်းသီးဟာ မာကျောနေရပါမယ်။ ရေခဲသေတ္တာ ထဲမှာ ထည့်သိမ်း ထားပါ။ အဲဒါမှ
ကြာရှည်ခံပါမယ်။
ပန်းသီးနဲ့ အလှအပ လမ်းညွှန်
ပန်းသီးဟာ
ပျိုမေတို့ရဲ့ အလှအပ အကျိုးကျေးဇူးကိုလည်း ဖြစ်ထွန်းစေတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စားပြီးလို့ ပါးစပ်အနံ့ဆိုးထွက်လာရင် ထန်းလျက်
စားတာတို့အပြင် ပန်းသီးစားတာဟာလည်း အနံ့ဆိုးကို ပယ်ဖျောက်စေ နိုင်ပါတယ်။ ဒါ့အပြင်
တခြားသော အလှအပရေးရာမှာလည်း အောက်မှာ ဖော်ပြထားတဲ့ အတိုင်း အရေးပါ အရာရောက်အောင်
စွမ်းဆောင် နိုင်တာလေးတွေ ရှိပါတယ်။
အရေပြား တွန့်ခြင်းအတွက်
မရင့်မှည့်သေးတဲ့
ပန်းသီးတစ်လုံးကိုယူပါ။ ကြိတ်ချေပါ။ ပြီးရင် မျက်နှာကိုလိမ်းပြီး
ရေနဲ့ဆေးကြောပေးပါ။ နေလောင်တာတွေလည်း ပျောက်ကင်းစေပါတယ်။ အရေပြားတွန့်ခြင်းကိုလည်း
ကာကွယ်ပေးပါတယ်။ တွန့်နေတာတွေကိုလည်း ပြေလျှော့စေပါတယ်။ ရေနဲ့မဆေးခင်မှာ
မျက်နှာပေါ်မှာ ၁၀ မိနစ်ကနေ မိနစ် ၂၀ အထိ လိမ်းထားပေးရမှာ ဖြစ်ပါတယ်။
အဆီပြန်သော အသားအရေနှင့်
ဝက်ခြံသမားများအတွက်
ပန်းသီးအစိမ်း
တစ်လုံးကိုယူပြီး ချေပါ။ ပြီးရင် ပျားရည်ဆတူ ထည့်ပြီး ရောပေးပါ။ အဲဒီရောထားတဲ့ အရည်ကိုမှ
မျက်နှာလိမ်းပေးပါ။ ဆယ်မိနစ်လောက် ထားပြီးတော့မှ ရေအေးနဲ့ ပြန်ဆေးကြောပေးရမှာ
ဖြစ်ပါတယ်။ နောက်ထပ် တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (စားပွဲတင်ဇွန်း) နဲ့
ပန်းသီးအခွံခွာထားတဲ့ နှစ်လုံးကိုယူပြီး ရောစပ်ပါ။ ပန်းသီးနဲ့ ပျားရည်
ရောသွားအောင် ရောစပ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် မျက်နှာပေါ်မှာ မိနစ်သုံးဆယ်မျှ
သုတ်လိမ်းပေးရမှာဖြစ်တယ်။ ပြီးမှ ရေနဲ့ ပြန်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ မျက်နှာပေါ်က
အညစ်အကြေးတွေကို သန့်စင်စေပြီး မျက်နှာကို ကြည်လင် ဝင်းပစေပါတယ်။ အထူးသဖြင့်
ဒီနည်းဟာ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက် သင့်တော်ပါတယ်။
ပန်းသီး Toner
ပန်းသီး ဖျော်ရည်ခွက် တစ်ဝက်စာနဲ့
သခွားသီး အသေးနှစ်လုံးတို့ကို ရောစပ်ပြီး မျက်နှာကိုလိမ်းပေးပါ။ မိနစ် ၂၀
လောက်ထားပေးပါ။ ပြီးမှ ရေနဲ့တစ်ဖန် ပြန်ဆေးပေးပါ။
ပန်းသီးနဲ့ လေ့ကျင့်ခန်း
အစာမစားခင်
ပန်းသီးတစ်လုံး စားပေးခြင်းဟာ ကောင်းမွန်တဲ့ စားသောက်မှုပုံစံလို့ ဆိုထားပါတယ်။
အထူးသဖြင့် ကာယလေ့ကျင့်ခန်း ပြုလုပ်လေ့ရှိတဲ့ အမျိုးသမီးများအနေနဲ့
တစ်ပတ်သုံးကြိမ် လုပ်ဆောင်တဲ့အခါမှာ အစားအသောက်အဖြစ် ပန်းသီးကို စားသုံးသင့်ပြီး
အစာမစားခင်မှာလည်း ပန်းသီးတစ်လုံး ကြိုစားထား သင့်တယ်လို့ International Gold Gym
က အစားအသောက် ညွှန်ကြားရေး တာမီဖလင်းက ပြောကြားထား ပါတယ်။ ဘာကြောင့်လည်းဆိုတော့
ပန်းသီးနဲ့ ဝိတ်ကျမှုဟာ ဆက်စပ်မှုရှိနေလို့ပဲ ဖြစ်ပါတယ်။ ပန်းသီးမှာ အမျှင်ဓာတ်တွေ
ပါဝင်တယ်။ ပန်းသီးကြောင့် လေ့ကျင့်ခန်း ပြုလုပ်ရာမှာ အထောက်အကူ ပြုစေနိုင်ပြီး
ဝိတ်ကိုလည်း ကျစေတဲ့အတွက် အစာမစားခင်မှာ ပန်းသီးကို ကြိုစားခိုင်းတာ ဖြစ်ပါတယ်။
Some Like it Hot ကားထဲက မာရီလင်မွန်ရိုးဝတ်ထားတဲ့ ဘရာဇီယာကို အမေရိကန်ဒေါ်လာ
၁၄,၀၀၀ ပေးပြီး ဝယ်ယူခဲ့တဲ့ သူထက်စာရင် ပန်းသီး တစ်လုံးလေး ဝယ်ပြီး အလှအပ
ကျန်းမာရေးအတွက် စားသုံးတာကပိုပြီး အကျိုးရှိကြောင်း တင်ပြရင်း….။
No comments:
Post a Comment