ကွန်ပျူတာဆိုတာ ယနေ့ကမ္ဘာမှာရှိတဲ့ လူတော်တော်များများအတွက် အရေးပါအရာရောက်လာသလို နေရာတော်တော်များများမှာလည်း နေရာယူလာပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ကွန်ပျူတာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတာကို တွေ့ရပါတယ်။ အဲလို အသုံးပြုနိုင်ဖို့ရန်အတွက် ကွန်ပျူတာတွေကို ၀ယ်ယူကြရပါတယ်။ ၀ယ်ယူကြတဲ့အခါမှာ တစ်ချို့က နားလည်လို့ ၀ယ်ယူတာဖြစ်သလို၊ တစ်ချို့ကျတော့လည်း ကွန်ပျူတာအကြောင်းကို သိပ်နားမလည်ဘဲ ကွန်ပျူတာကို သုံးချင်လွန်းအားကြီးလို့သာ ၀ယ်လိုက်တာ ဖြစ်ပါတယ်။ အဲလို နားမလည်ဘဲနှင့် ၀ယ်လိုက်မိမယ်ဆိုရင်တော့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒီအခါမှာ ကွန်ပျူတာဝယ်ပြီး စိတ်ညစ်ရပြီပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့ဆီမှာ Branded ကွန်ပျူတာတွေကို တွင်တွင်ကျယ်ကျယ် မသုံးနိုင်သေးတာကြောင့် ၀န်ဆောင်မှုပိုင်း(Service) မှာ အားနည်းမှုတွေရှိနေတာကို တွေ့ရပါတယ်။
ကွန်ပျူတာမှာ Branded ရယ်၊ DIY ရယ်ဆိုပြီး ရှိပါတယ်။ DIY ဆိုတာကတော့ Do It Yourself လို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော်တို့ဆီမှာတော့ Clone လို့လည်း ခေါ်ကြပါတယ်။ အဲဒီတော့ Clone လို့ပဲဆိုကြပါစို့။ အဲဒီ Clone ကွန်ပျူတာတွေဟာ မိမိကိုယ်တိုင်တပ်ဆင်ရတာဖြစ်ပါတယ်။ အကယ်၍ မိမိကိုယ်တိုင်က ကွန်ပျူတာကို ဘယ်လိုတပ်ဆင်ရတယ်ဆိုတာ မသိဘူးဆိုလျင်တော့ နားလည်တတ်ကျွမ်းတဲ့သူ လိုအပ်လာပြီပေါ့။ အဲလိုမှ မဟုတ်ရင် ၀ယ်တဲ့ဆိုင်မှာ တပ်ဆင်ခိုင်းလို့လည်း ရပါတယ်။ ကွန်ပျူတာကို နားမလည်ပဲ ကွန်ပျူတာ ၀ယ်ချင်သူတွေအတွက်တော့ Branded ကွန်ပျူတာတွေက အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ၎င်း Branded ကွန်ပျူတာတွေမှာ တိကျတဲ့ Specification တွေ ပါရှိတဲ့အတွက်ကြောင့်ပါပဲ။ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ အစိတ်အပိုင်းတစ်ခုချင်းစီမှာ သတ်မှတ်ထားတဲ့ အရည်အသွေးပြည့်မှီပါတယ်။
ကဲ... Clone ကွန်ပျူတာတစ်လုံး ဆိုင်မှာ တပ်ဆင်ခိုင်းပြီ ဆိုပါစို့။ အရင်ဆုံး Casing ကနေ စပြီး စဉ်းစားကြရမှာပါ။ Casing ဟာလည်း အရေးကြီးပါတယ်။ Casing က လေ၀င်လေထွက် ကောင်းတဲ့ Casing မျိုးဖြစ်ရပါမယ်။ အလုံပိတ်ကြီးမဖြစ်သင့်ပါဘူး။ Casing တစ်ဖက်ခြမ်းမှာ လေ၀င်လေထွက်ပေါက်လေးတွေ ရှိနေသင့်ပါတယ်။ ဒါမှ Casing ရဲ့ အတွင်းပိုင်းမှာ အပူချိန်မြင့်တက်မနေမှာပေါ့။ Casing အရွယ်အစား အကြီးအသေးကိုတော့ မိမိရဲ့လိုအပ်ချက်အပေါ်မှာ ချင့်ချိန်ပေါ့။ မိမိကွန်ပျူတာထားမည့်နေရာက ကျယ်ကျယ်ဝန်းဝန်းရှိလှတယ်ဆိုလျင်တော့ Casing အရွယ်အစား ကြီးကြီးလေးက ပိုကောင်းပါတယ်။ အထဲမှာရှိတဲ့ ပစ္စည်းတွေက အကုန်လုံး အပူသည်တွေကြီးပဲဆိုတော့ Casing အရွယ်အစားသေးရင် Casing ရဲ့ အထဲမှာ အပူတွေ ပြွတ်သိပ်နေမှာပေါ့။ မဟုတ်ဘူးလား...။
Casing ပြီးတော့ Power Supply ကို စဉ်းစားပါ။ Power Supply ရဲ့ Watt အားက များလေကောင်းလေပါပဲ။ Power Supply မကောင်းလို့ရှိရင် နောက်ပိုင်းမှာ ကွန်ပျူတာက Restart ကျတာတို့၊ Stable မဖြစ်တာတို့ အစရှိတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့က Power Supply ကိုလည်း အရည်အသွေးပြည့်မီသည့် (Quality ကောင်းကောင်း) Power Supply မျိုး သုံးသင့်ပါတယ်။ Power Supply မကောင်းလို့ရှိရင် Power အထွက်တွေက မမှန်တော့ပါဘူး။ Power အထွက်မမှန်တဲ့အခါမှာ ရသင့်ရထိုက်တဲ့ Power ကို ကွန်ပျူတာမှာရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ CPU၊ Motherboard အစရှိသည်ဖြင့် အခြားသော Power အသုံးပြုတဲ့ အစိတ်အပိုင်းတွေက မရတဲ့အခါမှာ ကွန်ပျူတာရဲ့ Performance(လုပ်ဆောင်နိုင်မှု) ဟာ သိသိသာသာ ထိုးဆင်းသွားပါတယ်။
နောက်တစ်ခုက Motherboard ပါ။ Motherboard ကို ၀ယ်တော့မယ်ဆိုရင် စဉ်းစားသင့်တာက ပါဝင်တဲ့ Device တွေပါပဲ။ နောက်ပိုင်း Motherboard တော်တော်များများမှာ Device တော်တော်များများ Motherboard မှာ ပါလာပြီးသား (Build-in) ဖြစ်ပါတယ်။ သို့သော်လည်း အချို့ Motherboard တွေမှာ VGA မပါဝင်တာတွေရှိတတ်ပါတယ်။ ဒီလိုမပါဝင်တဲ့ Motherboard တွေမှာ VGA ကို သီးခြားဝယ်ပြီးတော့ တပ်ဆင်ပေးရပါတယ်။ ယခုလို တပ်ဆင်ပေးတယ်ဆိုရင်တော့ VGA ရဲ့ Memory ကို စိတ်ကြိုက်ဝယ်ယူ အသုံးပြုလို့ရပါတယ်။ VGA ရဲ့ Memory များတော့ ကွန်ပျူတာမှာပေါ်တဲ့ ရုပ်ပုံတွေ၊ ပုံရိပ်တွေက အရမ်းကောင်းတာပေါ့။ 3D ပုံတွေကို ကောင်းကောင်းကြည့်လို့ရတာပေါ့။ အကယ်၍ Motherboard မှာ Build-in ပါလာတဲ့ VGA နဲ့ သုံးမယ်ဆိုရင် Motherboard အမျိုးအစားပေါ်မူတည်ပြီး VGA ပိုင်းမှာ အားနည်းမှုတွေ ရှိနိုင်ပါတယ်။ ဒီတော့ လိုအပ်ရင် VGA Card ကို သီးခြားဝယ်ယူ တပ်ဆင်ပါ။ VGA Card ကို သီးခြားတပ်ဆင်အသုံးပြုတာကတော့ အကောင်းဆုံးပါပဲ။
Motherboard ကို ၀ယ်ယူပြီးပြီဆိုရင် အဲဒီ Motherboard မှာ Memory ကို ဘယ်လောက်တပ်ဆင် အသုံးပြုမှာလဲ Memory ကို ယနေ့ခေတ်မှာတော့ 1GB လောက် အသုံးပြုလာကြပါတယ်။ Memory အကြောင်းပြောရင်းနဲ့ Motherboard မှာပါဝင်တဲ့ Cache ကို သတိရလာတယ်။ Motherboard မှာ ပါဝင်တဲ့ Cache ကလည်း ကွန်ပျူတာရဲ့ လုပ်ဆောင်နိုင်မှု(Performance)ကို အများကြီး အထောက်အပံ့ ဖြစ်ပါတယ်။ Cache များတဲ့ Motherboard ကိုပဲ အသုံးပြုပါလို့ တိုက်တွန်းချင်ပါတယ်။
Casing ရယ်၊ Power Supply ရယ်၊ Motherboard ရယ်၊ Meomry ရယ် ရှိပြီဆိုတော့ ဘာလိုအုံးမလဲ...။ Harddisk လိုမှာပေါ့။ Hard Disk ကိုဝယ်တဲ့အခါ Hard Disk ရဲ့ အရွယ်အစားကိုပဲ စဉ်းစားရမှာပါ။ Hard Disk ရဲ့ အရွယ်အစားက အသုံးပြုမယ့် အပေါ်မှာ မူတည်ပါတယ်။ File Size ကြီးတဲ့ အချက်အလက်တွေကို သိမ်းဆည်းမယ်ဆိုရင်တော့ Hard Disk ရဲ့ သိမ်းဆည်းနိုင်မှု ပမာဏက များလေကောင်းလေပါပဲ။ အဲလိုမှ မဟုတ်ဘဲ Hard Disk ရဲ့ သိမ်းဆည်းနိုင်မှု ပမာဏက သေးနေမယ်ဆိုရင်တော့ အချက်အလက်တွေ သိမ်းဆည်းတဲ့အခါမှာ မလုံလောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီ အခါမျိုးမှာ External Hard Disk သို့မဟုတ် Internal Hard Disk တွေကို ၀ယ်ယူ အသုံးပြုလို့ရပါတယ်။
ဒီဘက်ခေတ်မှာ တော့ Floppy Drive ကို အသုံးမပြုသလောက် နည်းပါးလာပါပြီ။ ဒီတော့ Floppy Drive အကြောင်းကိုတော့ မပြောတော့ပါဘူး။
ဒီလောက်ဆိုရင်တော့ ကွန်ပျူတာဝယ်ရင် သိထားသင့်တဲ့ အခြေခံအချက်အလက်လေးတွေ ပြည့်စုံလောက်ပြီလို့ထင်ပါတယ်။
No comments:
Post a Comment