ကျွန်တော့် အနေနဲ့ Firewall ကို
အသုံးပြုပုံ၊ အသုံးပြုနည်းနဲ့ ပတ်သက်လို့ အရင်မပြောခင်မှာ Firewall
အကြောင်းကိုတော့ အရင်ဆုံး နည်းနည်းလောက် ရှင်းပြချင်ပါတယ်။ Firewall နဲ့
ပတ်သက်လို့ သေသေချာချာ မသိရှိသေးတဲ့သူများအတွက် ရည်ရွယ်ပါတယ်။
ကဲ...Firewall ဆိုတာ ဘာလဲ။ Firewall
ဆိုတာဟာ Network တွေ တစ်ခုနဲ့တစ်ခုကြားမှာ လုံးဝဆက်သွယ်မှု ဖြတ်တောက်ထားခြင်း
မဟုတ်ဘဲ မလိုလားအပ်တဲ့ ကူးလူးဆက်သွယ်မှုတွေကို ပိတ်ပင်တားဆီးပြီး
လိုအပ်တဲ့ကူးလူးဆက်သွယ်မှုတွေကို စီစစ်ခွင့်ပြု မှတ်တမ်းတင်ထားနိုင်တဲ့ လုံခြုံရေးဆိုင်ရာ
နည်းပညာ တစ်ရပ်ပါပဲ။ အဲဒီ နည်းပညာကို Hardware-Based အနေနဲ့လည်း ရနိုင်ပါတယ်။
Software-Based အနေနဲ့လည်း ရနိုင်ပါတယ်။
Hardware-Based တွေကိုတော့ Firewall
တစ်လုံးမှာ ရှိသင့်ရှိထိုက်တဲ့ Connector Ports တွေနဲ့ Built-in Firewall OS
တစ်ခု ပါဝင်ဖွဲ့စည်းထားတဲ့ Special Purpose Computer တစ်လုံးအသွင်နဲ့
တွေ့မြင်ရနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပုံစံကတော့ Computer တစ်လုံးအသွင် ရှိနေမှာ
မဟုတ်ပါဘူး။ သူ့ရဲ့ Firewall Configuration တွေကို ပြင်ဆင်ချင်ရင်တော့
သူ့မှာပါလာမယ့် Console Port နဲ့ Computer နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး Browser
(သို့မဟုတ်) DOS မှ ၀င်ရောက်ပြင်ဆင် Configured လုပ်ပေးရမှာ
ဖြစ်ပါတယ်။ သူတို့ကို တကယ့် Enterprise Level Company ကြီးတွေ မှာသာ
အသုံးပြုကြပါတယ်။ သူတို့က ဈေးအရရော နည်းပညာအရမှာပါ မြင့်မားရှုပ်ထွေးမှု
ရှိပါတယ်။ လုံခြုံရေးအရလည်း ပိုပြီးအားကောင်းပါတယ်။
Software-Based Firewall တွေကတော့
ဈေးနှုန်းအရမှာရော နည်းပညာအရမှာပါ သက်သာ၊ လွယ်ကူပါတယ်။ သူတို့ကိုတော့
မိမိနှစ်သက်ရာ Performance ကောင်းတဲ့ Computer တစ်လုံးမှာ Install
လုပ်ပေးထားရမှာပါ။ Install လုပ်ထားမယ့် Firewall အဖြစ်သုံးဖို့ ရွေးချယ်ထားတဲ့
Computer ဟာ Performance ပိုင်းမှာတော့ စိတ်ချရဖို့ လိုအပ်ပါတယ်။ ဒါမှသာ
လိုအပ်တဲ့ Processing လုပ်ဆောင်မှုတွေကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်
လုပ်ဆောင်ပေးနိုင်မှာပါ။ သူတို့ အများစုကတော့ Installed လုပ်ထားတဲ့ Computer
ကနေပဲ တိုက်ရိုက် GUI နဲ့ဖြစ်စေ DOS နဲ့ဖြစ်စေ Configured လုပ်ထားနိုင်ပါတယ်။
ဒါပေမယ့် Astaro လို တချို့ Firewall မျိုးကတော့ Installed လုပ်ထားတဲ့ Computer
က Direct မရဘဲ အခြား Computer တစ်လုံးကနေ သူ့ရဲ့ IP Address ကို Browser
ကလှမ်းခေါ်ပြီး Configured လုပ်ရပါလိမ့်မယ်။ ဘယ်လိုပင် ဖြစ်စေ Software Firewall
တွေဟာ Hardware Firewall တွေနဲ့ယှဉ်ရင် ဈေးနှုန်းအရလည်း လေးငါးဆမက ကွာခြား
သက်သာပါတယ်။ နည်းပညာ ရှုပ်ထွေးမှုလည်း နည်းပါးပါတယ်။ ဒါကြောင့် တော်ရုံတန်ရုံ
Company ကြီးတွေမှာတောင် သုံးစွဲနေကြဆဲ ဖြစ်ပါတယ်။
ကဲ Firewall အကြောင်းကို တော်တော်လေး
ပြောခဲ့ပြီးတဲ့နောက်မှာ သူတို့ကို ဘယ်လိုနေရာမှာ ဘာကြောင့် သုံးရမှာလဲလို့
မေးလာရင်တော့ နည်းးပညာပိုင်း လျင်မြန်စွာ တိုးတက်လာမှုကြောင့်
သုံးဖို့လိုအပ်လာတာလို့ ပြောရပါမယ်။ အခုချိန်မှာ ကမ္ဘာအနှံ့မှာ Network တွေ
ချိတ်ဆက်မှုဟာ လျင်မြန်စွာ ကျယ်ပြန့်လာပါတယ်။ ဘယ်လောက်အထိ ကျယ်ပြန့်လာသလဲဆိုရင်
Network တွေ အချင်းချင်း လွှမ်းခြုံချိတ်ဆက်မိပြီး Internet လို့ခေါ်တဲ့
ကမ္ဘာလုံးဆိုင်ရာ Network ကြီး ပေါ်ပေါက် အရှိန်ရနေခဲ့တာတောင်ကြာပြီ မဟုတ်လား။
Internet ကွန်ယက်ကြီး ပေါ်ပေါက်လာရတဲ့ အဓိက အကြောင်းအရင်းများစွာထဲမှာ
ကျွန်တော်တို့ဟာ ကမ္ဘာပေါ်က Network တိုင်းအတွက် အကွာအဝေး ကန့်သတ်ချက် ကင်းမဲ့တဲ့
(ကမ္ဘာလုံးအတိုင်းအတာ) နေရာပေါင်းစုံက ချိတ်ဆက်လိုသော တခြား Network များ
(သူတို့ရဲ့ Network အခွဲ company အခွဲတွေပေါ့) နဲ့ အခက်အခဲမရှိ
ချိတ်ဆက်နိုင်မယ့် ဗဟိုကြားခံ Medium တစ်ခု ပေါ်ပေါက်ရေးဟာလည်း အဓိက အချက်ပါပဲ။
ကျွန်တော်ပြောတဲ့ အချက်ကို သဘောပေါက်မိရဲလား။ အခုဆိုရင်ဗျာ။ ကျွန်တော်တို့
မြန်မာနိုင်ငံမှာပဲကြည့်။ ABC Company (ဥပမာနော် BEER Company ကိုပြောတာ
မဟုတ်ဘူး) ဟာ ရန်ကုန်မှာ ရုံးချုပ်ရှိတယ်။ မန္တလေးမှာ ရုံးခွဲရှိမယ်။ အဲဒီ
Company ရုံးချုပ်နဲ့ ရုံးခွဲအားလုံးကို သီးသန့် Network ချိတ်ဆက်ထားစရာ
မလိုပါဘူး။ Internet connection ပေါ်ကနေပဲ ရုံးခွဲတွေကို အပြန်အလှန်ချိတ်ဆက်
ထားနိုင်ပါတယ်။ ဒါကို ပြောတာပါ။ Internet ဟာ ကြားခံ Medium တစ်ခုကဲ့သို့လည်း
အသုံးပြုနိုင်ပါတယ်လို့ ဆိုလိုတာပါ။ ကျွန်တော်တို့အနေနဲ့ Distance
အလွန်ကွာဝေးတဲ့ နေရာတွေက Network တွေ အချင်းချင်း Internet Connection ကို
ဖြတ်သန်းပြီး အလွယ်တကူ ချိတ်ဆက်နိုင်ကြပြီလေ။ ကဲ... မကောင်းဘူးလား။
မလွယ်ဘူးလား။ ကောင်းတော့ ကောင်းတာပေါ့။ ဒါပေမယ့် မကောင်းဘူးလို့ပဲ ပြောရမလား။
ကောင်းတဲ့အချက်တွေများသလို ဆိုးတဲ့အချက်လေးတွေကလဲ ပါတယ်ဗျ။ ဘယ်လိုပြောရမလဲ။
Nobody is Perfect လို့ပဲ ပြောရမလား။ အရာရာတိုင်းဟာ အကောင်းနဲ့အဆိုး
ဒွန်တွဲနေတာပါလို့ပဲ ပြောရမလား။ ဆိုးတဲ့ အချက်က ဘာလဲဆိုတော့ ကျွန်တော်တို့မှာ
Privacy ပိုင်းနဲ့ Security ပိုင်းမှာ လုံခြုံမှု မရှိတေ့တာပါပဲ။ ဥပမာပြောရရင်
ကျွန်တော်တို့ အိမ်တွေကိုပဲကြည့်။ အိမ်ရှေ့ လမ်းမပေါ်မှာ လူပေါင်းများစွာ
ကားပေါင်းများစွာ သွားလာနေကြတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အဲဒီလမ်းမပေါ်ကနေ
လိုချင်တဲ့အိမ် လိုချင်တဲ့နေရာကို အလွယ်တကူ သွားလို့ရတယ်
မဟုတ်လား။အဲ...ဒါပေမယ့် အဲဒီလမ်းမပေါ်မှာ သွားနေတဲ့လူတွေထဲကမှ
ကျွန်တော်တို့အိမ်ထဲကို မှားပြီးတော့ဝင်လာတာပဲဖြစ်ဖြစ် မကောင်းတဲ့
အကြံအစည်နဲ့ဝင်လာတာပဲဖြစ်ဖြစ် မရှိရအောင် ကျွန်တော်တို့တွေအိမ်တိုင်း
တံခါးတွေတပ်ထားကြရတယ် မဟုတ်လား။ ဒါဆိုဘယ်သူပဲဖြစ်ဖြစ် အိမ်ထဲဝင်ချင်တယ်ဆိုရင်
တံခါးတော့အရင်ခေါက်ရမယ်လေ။ အဲဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ ဘယ်သူဘယ်ဝါ
မိတ်ဆွေလား ရန်သူလားဆိုတာ မသိနိုင်ဘူးလား။ မမြင်ဘူးတဲ့ လူစိမ်းဆိုရင်လဲ ဘယ်သူလဲ
ဘယ်ကလဲ စိတ်ချရအောင် မေးမြန်းခွင့်ကော မရနိုင်ဘူးလား။ ကိုယ့်အနေနဲ့
ယုံကြည်ရမယ်လို့ ဆုံးဖြတ်လိုက်ရင် တံခါးဖွင့်ပေးမယ်။ မယုံကြည်ရဘူးလို့
ဆုံးဖြတ်လိုက်ရင် တံခါးဘယ်ဖွင့်ပေးမလဲ။ လိုအပ်ရင် ရဲစခန်းကိုတောင် လှန်းပြီး
အကူအညီတောင်းနိုင် တယ်မလား။ အဲဒီလို တံခါးမတပ်ထားရင် ကိုယ့် အိမ်က ဘယ်မှာ
လုံခြုံမှု ရှိတော့မှာလဲ။ ၀င်ချင်တဲ့သူဝင် ထွက်ချင်တဲ့လူထွက် ဖြစ်နေမှာပေါ့။
အဲ.ဒီလိုပါပဲ။ Network တွေဟာလည်း
အိမ်တွေလိုပါပဲ။ အိမ်တွေမှာ ကိုယ်ရဲ့ ကိုယ်ပိုင်အဖိုးတန်ပစ္စည်းတွေရှိမှာပဲ
ဖြစ်သလို ကိုယ့်ရဲ့ Network တွေမှာလည်း ကိုယ့် Company ရဲ့ အရေးကြီးတဲ့ Data
သတင်းအချက်အလက်တွေ ရှိမှာပဲလေ။ ဒါတွေကို သူများတကာ အလွယ်တကူ ၀င်ရောက်
မယူနိုင်အောင်လို့ တံခါးတွေနဲ့ တူတဲ့ Frirewall ကို သုံးသင့်ပါတယ်။
တချို့ချမ်းသာတဲ့ လူတွေဆိုရင် အိမ်တံခါးအပြင် ခြံခတ်ပြီး ခြံတံခါးတွေတောင်
ထားကြသလိုပဲ ကိုယ့်ရဲ့ Data အချက်အလက်တွေကလည် အရေးကြီးတယ် လုံးဝ Privacy
ချိုးဖောက် ခံနိုင်စွမ်းမရှိတဲ့ Data မျိုးဆိုရင်တော့ Firewall ကို
တစ်ခုတောင်မကဘဲ နှစ်ခုလောက် ဆင့်ပြီးတောင် ခံထားသင့်ပါတယ်။
Firewall ကို ဘယ်နေရာမှာ
သုံးသင့်တယ်ဆိုတာကို ခုလောက်ဆိုတော်တော် သဘောပေါက်လောက်ပြီ ထင်ပါတယ်။
ရှင်းရှင်းလင်းလင်း မြင်သွားအောင် ထပ်ပြောပြပါဦးမယ်။ Firewall ဆိုတာ Private
Network တစ်ခုနဲ့ Public Network (Internet Connection) တို့ရဲ့ကြား
သူတို့နှစ်ခု ချိတ်ဆက်တဲ့ နေရာမှာ ကြားခံထားရမယ့် Security ထိန်းချုပ်ပေးတဲ့
ပစ္စည်းကိရိယာ (Hardware_based) သို့မဟုတ် နည်းပညာ software (Software _based)
တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်ရဲ့ Network က Public Network (Internet) နဲ့
ချိတ်ဆက်ထားခြင်း မရှိရင် (သိုမဟုတ်) အရေးကြီးတဲ့ Data မျိုးတွေ မရှိဘူးဆိုရင်
တော့ Firewall မတပ်ဆင်ထားလဲ ပြဿနာ မရှိနိုင်ဘူးပေါ့။ တကယ်လို့ ကိုယ့်ရဲ့ Network
က Public Network နဲ့လည်း ချိတ်ဆက်ထားတယ်၊ Data တွေကလည်း
အရမ်းအရေးကြီးတယ်ဆိုလျင်တော့ Firewall တပ်ဆင်ထားသင့်ပါတယ်။ ပိုပြီး
ထင်သာမြင်သာသွားအောင် ပုံလေး ဆွဲပြလိုက်ပါမယ်။ သေသေချာချာ နားလည်အောင်
ကြည့်ပြီးမှတ်ထားလိုက်ပါနော်။
ABC Company
Head Office က ၀န်ထမ်းတွေဟာ Internet Connection ကိုဖြတ်ပြီး Branch Office က
Database Server ထဲက Data တွေကို လှမ်းယူနိုင်သလို Branch Office က ၀န်ထမ်းတွေကလည်း
Head Office မှာရှိတဲ့ Database Server ထဲက Data တွေကို လှမ်းယူနိုင်ပါတယ်။
ဒီလို ဖြစ်အောင် Firewall နှစ်ခုလုံးမှာ လိုအပ်တဲ့ Configuration တွေတော့
လုပ်ထားရမှာပေါ့။ အဲဒီ Configuration တွေထဲမှာ Internet Connection ပေါ်ကနေ တခြား
လူတွေ Database Server တွေထဲမှာ ရှိတဲ့ Data တွေကို လှမ်းမယူနိုင်အောင်လို့လဲ
လုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် ရုံးတွင်းက ၀န်ထမ်းတွေကို မကြည့်စေချင်တဲ့ Internet
Website တွေနဲ့ Internet လုံးဝ သုံးခွင့်မပေးချင်တဲ့ Computer တွေကိုလည်း
စိတ်ကြိုက် သတ်မှတ်ထားနိုင်ပါတယ်။ ဒီလိုနည်းနဲ့ ABC Company ဟာ သူရဲ့ Office
နှစ်ခုကို Internet Connection ပေါ်ကနေ လုံလုံခြုံခြုံ ချိတ်ဆက်ထားနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ Firewall ကို
ဘယ်နေရာတွေမှာ ဘယ်လို အသုံးပြုသင့်တယ်ဆိုတာ တော်တော်လေး သဘောပေါက်
နားလည်လောက်ပြီ ထင်ပါတယ်နော်။ ဒါဆိုရင်တော့ ဒီနားမှာပဲ ဒီအကြောင်းကို နားလိုက်ကြရအောင်။
|
Last Updated on
Monday, 08 June 2009 23:31
|
Thursday, December 22, 2011
Firewall ကို ဘယ်မှာ ဘယ်လိုသုံးသင့်သလဲ
Labels:
If U Need
Subscribe to:
Post Comments (Atom)
No comments:
Post a Comment