ဤလောက၌ ရန်ပြုသူကို ရန်တုန့်မူခြင်းအားဖြင့် ရန်ငြိမ်းသွားသည်ဟု တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးချေ။ ရန်တုန့်မမူခြင်းအားဖြင့်သာလျှင် ရန်ငြိမ်းသွားလေသည်။ ဤကား ရှေးအစဉ်အလာဖြစ်သော သဘောတရားဖြစ်၏။ (စမ္မပဒ၊ ယမကဝဂ်)
အထက်ပါ ဗုဒ္ဓဟောကြားချက်ကို ဖော်ပြလတ္တံ့သော တောင်တန်းဆရာတော်ကြီး၏ ရေမေတ္တာအောင်ပွဲကို လက်တွေ့အသုံးချနိုင်ပါသည်။ မေတ္တာတရားလက်ကိုင်ထား၍ အထုံရနေပြီးသော ပုဂ္ဂိုလ်သည် လောကကြီးတစ်ခုလုံးကို မေတ္တာဖြင့် စိုးအုပ်နေနိုင်သည်။ ဘာပဲဖြစ်ဖြစ် တွေ့ကြုံလာသော လောကဓံဟူသမျှကို မေတ္တာစိတ်ဖြင့် ကျော်လွှားသွားလိမ့်မည်။ ပြဿနာဟူသမျှ မေတ္တာစိတ်ဖြင့် ပြေငြိမ်းစေမည်။ ရန်သူကိုပင် ကြည်လင်အေးမြသော မေတ္တာဓါတ်ဖြင့် မိတ်ဆွေကောင်းအဖြစ် ရောက်စေနိုင်ပါသည်။
ဤတွင်နည်းလမ်းကောင်းပေးမည်-
ဘာအကြောင်းကြောင့်ဖြစ်စေ တစ်စုံတစ်ယောက်သူက ရန်မူလာလျှင် ရန်မူသောထိုသူကို
စိတ်ရုံညွတ်၍ သူ့ခမျာ ငါ့ကိုရန်မူနေရတဲ့အတွက် စိတ်နှလုံး ပူလောင်နေမှာပဲစသည်ဖြင့်
ကရုဏာစိတ်ဦးစွာ ဖြစ်စေပါ။ သနားထိုက်သော သနားစရာကောင်းသော သတ္တဝါအဖြစ်ထား၍
ကရုဏာစိတ်ဝင်စားပြီးလျှင် နောက်မှတစ်ဆက်တည်း တကယ်ချမ်းသာကောင်းစားစေလိုသော
စေတနာဖြင့် လှိုက်လှိုက်လှဲလှဲ မေတ္တာပို့လွှတ်ပေးရမည်။ အမြဲမပြတ်
မလုပ်နိုင်သေးသော်လည်း မေတ္တာပို့နေသောအခိုက်တွင် လှိုက်လှဲသော စေတနာထက်သန်မှု
ရှိစေရမည်။
တကယ်ကိုကောင်းစားစေချင်သော စေတနာ ထက်သန်မှုရှိမှ ထိရောက်သည်။ တန်ခိုးထက်မြက်သည်။ အထူးသတိပြုရန်မှာ မေတ္တာပို့သော မိမိစိတ်ထဲသို့ ဒေါသဝင်မလာစေရပါ။ တစ်ဖက်သား ပျက်စီးစေလိုခြင်း၊ ဒုက္ခရောက်သွားစေလိုခြင်း၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်သွားစေလိုခြင်း စသောဒေါသစိတ် (အာဃာတ-ရန်ငြိုးစိတ်၊ ဒေါမနဿ-မကျေမချမ်း နားကျည်းသောစိတ်) ဝင်တတ်သည်။ ဝင်လာလျှင် လွတ်အောင်ဖယ်ထုတ်ပစ်ပါ။ ယင်းဒေါသစိတ်ကင်းအောင် ဖယ်ထုတ်ပစ်နိုင်လျှင် ရန်သူအပေါ် မိမိက အောင်နိုင်ပြီဟု မှတ်ပါ။
အကယ်၍ ရန်သူကို စိတ်အာရုံညွတ်၍ မေတ္တာပို့ရုံသက်သက်ဖြင့် အမြန်ပြေအေးသွားမည် မထင်လျှင် ဖန်ခွက်တစ်ခုကို ဆေးကြော၊ ရေအေးအေးသန့်သန့်ထည့်ပြီး အမှိုက်သရိုက်မကျအောင် အဖုံးဖုံး၍ ဘုရားစင်မှာထား၊ ရန်မူသူကို ကိုယ်စားရည်မှတ်၍ ကျေက်ခဲကလေးကိုဖြစ်စေ၊ တုတ်ချောင်းကလေးကိုဖြစ်စေ ထိုဖန်ခွက်ထဲချပြီး စိမ်ထည့်ထား။ “သူ့ကိုအေးချမ်းသွားစေရန် မေတ္တရေစိမ်ထားပြီ”ဟု စိတ်ရှင်းစွာထား၍ မေတ္တာပို့လွှတ်ပေးနေပါ။
ထိုရန်မူသူကို ကောင်းစားချမ်းသာစေလိုသော မေတ္တာစိတ် ပို့လွှတ်ပေးနေလျှင် ခုနှစ်ရက်အတွင်း မူပြောင်းလာလိမ့်မည်။ ထူးခြားသည်မှာ သူ့မှာဒေါသမရှိလျှင်၊ ဒေါသနည်းလျှင် ချစ်ခင်လာလိမ့်မည်။ ကိုယ့်ကိုသနားစိတ် ဝင်လာလိမ့်မည်။ သူပြောမှားဆိုမှား ရှိသမျှ ဝန်ချတောင်းပန်လာလိမ့်မည်။ အကယ်၍ လူကိုယ်တိုင် လာရောက် မတောင်းပန်စေကာမူ ဆက်လက်၍ ရန်မူတော့ချေ။ မီးကိုရေနှင့် ဖျန်းလိုက်သလို ငြိမ်းသွားလိမ့်မည်။
သို့သော်သူ့မှာ မကျေနိုင် မအေးနိုင်လောက်အောင် ဒေါသရှိနေသေလျှင်ကား ကိုယ့်အနားမှာ နေလို့မရ၊ ဝေးရာသို့ တစ်နည်းနည်းဖြင့် ဖယ်ခွာသွားရတတ်သည်။ အားလုံး ဒီပုံစံချည်းပင်၊ ထုံးစံပင်၊ မလွဲချေ။
ထိုမှတစ်ပါး အခြားမည်သည့် လုပ်ငန်းကိစ္စမဆို တွေ့ကြုံရသောနှောက်ယှက်သူကိုဖြစ်စေ၊ နေထိုင်စားသောက်ရေးကိစ္စ၌ တွေ့ကြုံရသူကိုဖြစ်စေ၊ တွေ့ကြုံရလေသမျှ အထက်ပါနည်းအတိုင်းသာ လိုက်နာဆောင်ရွက်ပါ။ မေတ္တာစိတ်ဓါတ်ခိုင်မြဲသော အဆောင်တန်ခိုးဖြင့် ကြည်လင်အေးမြခြင်းကို ဖြစ်စေရမည်။ အောင်နိုင်ရမည်ဟု ညွှန်ကြားအပ်ပါသည်။ အိမ်မှစိတ်ကောက်ပြီး ထွက်သွားသူကိုလည်း ဤနည်းအတိုင်းလုပ်ဆောင်ပါ။ ပြန်ရောက်လာပါလိမ့်မည်။
မေတ္တာကာယကံထားခြင်း၊ မေတ္တာဝစီကံထားခြင်း၊ မေတ္တာမနောကံထားခြင်း (မေတ္တာအပြုအမူ၊ မေတ္တာအပြောအဆို၊ မေတ္တာအတွေးအကြံ) ကို ရှေ့တွင်မှာရော၊ ကွယ်ရာတွင်ပါ ရှိရမည်။ သူတော်ကောင်းတို့မည်သည် မေတ္တာတရားကို လက်ကိုင်ထားရမည်။ အခြားနည်းကို လက်ကိုင်ထားလျှင် မှားရောမှတ်ပါ။ မေတ္တာလောက်ကောင်းတာ လောကမှာမရှိပါ။
ဆရာတော်အရှင်ဇဝန- မေတ္တာရှင်ရွှေပြည်သာ (ဆရာတော်အရှင်ဇဝန- မေတ္တာရှင်ရွှေပြည်သာ၏ အင်မတန်တန်ဖိုးရှိသော “မေတ္တာအစွမ်းအံ့မခန်း” စာအုပ်မှဖြစ်ပါသည်) နှလုံးသားအာဟာရ

No comments:
Post a Comment