အခုပြောပြမယ့်
အကြောင်းအရာကတော့ ကွန်ပျူတာ Boot နှင့် Post တို့အကြောင်းပဲဖြစ်ပါတယ်။ Post နှင့်
Boot ဆိုတာဘာကိုပြောတာလဲ။ တစ်ချို့တွေကတော့ သိချင်သိကြပါလိမ့်မယ်။ ဒါပေမယ့်
မသိသေးတဲ့သူတွေလည်း ရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သိထားပြီးသားလည်း
ပြန်ဖတ်ကြည့်လိုက်ပါ။ ဒါမှပိုပြီးတော့ အသေးစိတ်သိသွားတာပေါ့။ မသိသေးတဲ့သူတွေကတော့
သေချာဖတ်နော်။ သေချာဖတ်မှ ကိုယ်သုံးတဲ့ ကွန်ပျူတာမှာ Post ဆိုတာဘယ်လို၊ Boot
ဆိုတာဘယ်လို သိသွားမှာပေါ့။
အရင်ဦးဆုံး Post အကြောင်းကို ပြောမယ်။ Post ဆိုတာက တကယ်တော့ ကွန်ပျူတာ Program တစ်ခုဖြစ်တဲ့ BIOS ရဲ့ Program ပဲဖြစ်ပါတယ်။ BIOS ရဲ့ Program မှာ Post ရယ် Boot ရယ် Low Level Interface ရယ်ဆိုပြီးတော့ သုံးမျိုးရှိပါတယ်။ အဲ့ဒီ ထဲကမှ အခုရှင်းပြမှာက Post နှင့် Boot အကြောင်းပဲဖြစ်ပါတယ်။ ဒီတော့ ပြောရမယ်ဆိုရင် Post နှင့် Boot ဆိုတာဟာလည်း ကွန်ပျူတာ BIOS ရဲ့ Program ကနေမှ လုပ်ဆောင်တဲ့ Process တစ်ခုပဲဖြစ်ပါတယ်။ Post ဆိုတာကကွန်ပျူတာမှာခေါ်တဲ့ Terms အခေါ်အဝေါ်ပဲဖြစ်ပါတယ်။ Post ဆိုတာအတိုကောက်ခေါ်တာပါ။ သူ့ရဲ့အပြည့်အစုံကတော့ Power On Self Test ပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Boot မလုပ်ခင် အရင် Post လုပ်တာဖြစ်ပါတယ်။ အဓိပ္ပာယ်က ကွန်ပျူတာကို Power စဖွင့်လိုက်တာနဲ့ တပြိုင်တည်းမှာပင် ကွန်ပျူတာထဲမှာရှိတဲ့ အစိတ်အပိုင်းတွေမှန်သမျှ အလုပ်လုပ်ဆောင်နိုင်ဖို့ရာ ပစ္စည်းတွေကောင်းမကောင်းကို အရင်စစ်ဆေးကြတာကိုပြောတာပါ။ အဲဒီအချိန်လေးဟာ ဘာမှမကြာပါဘူး။ ကွန်ပျူတာကို ဖွင့်လိုက်ပြီးလို့ ကွန်ပျူတာမှာ ဒီလို စစ်ဆေးပြီးလို့ အစိတ်အပိုင်းတွေအကုန်လုံး တစ်ခုမကျန် ကောင်းမွန်စွာ အလုပ်လုပ်တယ်ဆိုမှ ကွန်ပျူတာစပြီး Boot လုပ်ပါတယ်။
ဒီတော့ Post ဆိုတာ ကွန်ပျူတာကို Power ဖွင့်လိုက်တာနဲ့ ချက်ချင်း Process လုပ်တဲ့အဆင့် ဆိုတော့ ကွန်ပျူတာတစ်လုံးမှာ Post ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သဘောပေါက်လောက်ပါတယ်နော်။ ဆိုတော့က ကွန်ပျူတာကြီးတစ်ခုလုံးမှာ Post လုပ်လို့မအောင်မြင်ဘူးဆိုရင် boot လုပ်ငန်းစဉ်ကို မရောက်တော့ပါဘူး။ Post လုပ်လို့ အစိတ်အပိုင်းတစ်စုံတစ်ရာဟာ ချို့ယွင်းချက်ရှိပြီဆိုတာနဲ့ ကွန်ပျူတာဟာ တက်လာတော့မှာ မဟုတ်ပါဘူး။ ဒါကို Post လုပ်တာမအောက်မြင်ဘူးလို့ဆိုလိုတာပေါ့။ အဲသလိုဆိုရင် ကိုယ်က Post ကို မသိထားဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်ကပျက်မှန်းလည်းမသိ။ ဘာကြောင့်မှန်းလည်းမသိနဲ့။ တော်တော်ခက်တာပဲပေါ့။ တကယ်လို့ သိရင် ဘာမှမခက်ပါဘူး။ အဲသလို Post လုပ်တာမအောင်မြင်ဘူးဆိုရင် ကွန်ပျူတာဟာ Error လေးတွေထုတ်ပြတတ်ပါတယ်။ ဒီတော့ကိုယ်က Error လေးတွေပြပြီဆိုရင် ကိုယ်ကဘာတွေလုပ်ပေးရမှာလဲ။(မှတ်ချက်။ ။error တွေနဲ့ ပတ်သက်ပြီးတော့ post error များအကြောင်း မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။) အဲ့ဒီတော့ ဘာတွေလုပ်ပေးရတယ်ဆိုတာ မပြောခင် ကွန်ပျူတာ Power စဖွင့်လိုက်ပြီဆိုတာနဲ့ကွန်ပျူတာမှာ Post ဘယ်လိုလုပ်သလဲ။ အစိတ်အပိုင်းတွေဟာ ဘယ်လိုမျိုး ကိုယ့်ဘာသာကို စစ်ဆေးကြတာလဲ၊ ဘာတွေကို ဘယ်လိုစစ်ဆေးကြသလဲဆိုတာကို အရင်ပြောပြပါမယ်။
တကယ်တော့ Post လုပ်တယ်ဆိုတာက တစ်ခြားမဟုတ်ပါဘူး။ ကွန်ပျူုတာမှာ အသုံးပြုနေတဲ့၊ အသုံးပြုမည့် အစိတ်အပိုင်းတွေတစ်ခုချင်းစီဟာ ကွန်ပျူတာ Power ကိုဖွင့်လိုက်ပြီဆိုတာနဲ့ အလုပ်လုပ်ဖို့ ပစ္စည်းတွေကောင်းမကောင်းကို သူတို့ဘာသာသူတို့ သက်ဆိုင်ရာ ကိုယ်စီစစ်ဆေးကြတာပါပဲ။ မြင်သာအောင်ပြောရလျင် ကွန်ပျူတာကို Power ဖွင့်လိုက်ပြီးတာနဲ့ ချက်ချင်း စာတန်းလေးတွေ ဖျတ်ခနဲဖျတ်ခနဲ စပေါ်တယ်လေ။ အဲဒီအချိန်ဟာ Post လုပ်နေတဲ့အဆင့်ပဲဖြစ်တယ်။ Post လုပ်တယ်ဆိုလို့ သိပ်အကြာကြီးဖြစ်မယ်လို့တော့ မထင်ပါနဲ့။ အဲဒီ စာလုံးလေးတွေ ပေါ်တဲ့ခဏလေးအတွင်းမှာပဲ ကွန်ပျူတာထဲမှာရှိတဲ့ အစိတ်အပိုင်းတွေ၊ Device တွေအကုန်လုံးက ကိုယ့်ဘာသာကိုယ်စစ်ဆေးကြတာပါ။ ဒါကိုပဲ အင်္ဂလိပ်လို Power On Self Test (Post) လို့ခေါ်တာဖြစ်ပါတယ်။ အဓိပ္ပယ်ကိုက Power On Self Test တဲ့။ Power ကို On လိုက်ပြီဆိုတာနဲ့ Self Test ကိုယ့်ဘာသာကိုယ် Test စစ်ဆေးကြလို့ပြောတာပါ။
ကဲအခု Post လုပ်ဆောင်ချက်တွေကိုပြောပြပါမယ်။
၁။ BIOS ဟာကွန်ပျူတာကို စဖွင့်လိုက်ပြီဆိုတာနဲ့ သူ့ကိုယ်သူ အရင် စစ်ဆေးပါတယ်။ ကောင်းမကောင်းပေါ့။ ကောင်းပြီဆိုမှ အောက်မှာပြောထားတဲ့ အချက်တွေကိုဆက်လက် စစ်ဆေးပါတယ်။
၂။ နောက်ပြီး ကွန်ပျူတာ Signal တွေအတွက် Device တွေအတွက် Power ထုတ်ပေးနိုင် မပေးနိုင်ကို Power Supply ဟာ ကိုယ့်ဘာသာကို စစ်ဆေးပါတယ်။ မကောင်းဘူးဆိုရင် Error ထုတ်ပြပါတယ်။
၃။ ပြီးရင် ကွန်ပျူတာထဲမှာရှိတဲ့ Memory ဟာသူ့ဘာသာသူ စစ်ဆေးပါတယ်။ အဲ့ဒီ Memory ရဲ့ Size အရွယ်အစားကို ဘယ်လောက်ရှိသလဲဆိုတာကို စစ်ဆေးပါတယ်။ ကောင်းတယ်ဆိုရင် ဆက်စစ်ဆေးသွားတယ်။
၎။ Memory ကိုစစ်ဆေးပြီးရင် ကွန်ပျူတာ CPU ကိုထပ်မံစစ်ဆေးပါတယ်။ ကွန်ပျူတာမှာရှိတဲ့ Instruction တွေ၊ command တွေကို Process လုပ်နိုင်သလား၊ တွက်ချက်မှုကိုကောင်းကောင်းအလုပ်လုပ်နိုင်သလား ဆိုတာကိုလည်း စစ်ဆေးပါတယ်။ အဲဒီလိုစစ်ဆေးတဲ့အခါမှာ CPU ဟာ Memory module ရယ်၊ Memory Bus ရယ်၊ Memory Controller ရယ်ဆိုပြီး Memory တွေဆီက Data အချက်အလက်တွေကို read ဖတ်နိုင်မဖတ်နိုင် စစ်ဆေးပါတယ်။ ပုံမှန်ဆို CPU ဟာ Data အချက်အလက်တွေကို read လုပ်နိုင်ရပါမယ်။ တကယ်လို့ read မလုပ်နိုင်ဘူးဆိုရင် ဒါ CPU တစ်ခုခု ချို့ယွင်းချက်ရှိလို့ဆိုတာသိနိုင်တာပေါ့။ အဲလိုမျိုးဆိုရင် Error လေးတွေထုတ်ပြပါလိမ့်မယ်။ ဒါဆို အဲဒီ Error တွေကိုကြည့်ပြီး ဒါ CPU မကောင်းလို့ဆိုတာကို သိနိုင်တာပေါ့။ သိတော့ ပြုပြင်နိုင်တာပေါ့။
၅။ အဲသလိုမျိုး ကွန်ပျူတာရဲ့ System Memory ကိုစစ်ဆေးပြီးလို့ရှိရင် ကွန်ပျူတာမှာရှိတဲ့ System Bus တွေနှင့် Devices တွေကိုရှာပါတယ်။ ကောင်းမကောင်းစစ်ဆေးပါတယ်။ ဘယ် Device ကများဘာများဖြစ်နေတာရှိနိုင်သလဲဆိုတာတွေကိုစစ်ဆေးပါတယ်။
၆။ တကယ်လို့ လိုအပ်ရင်လိုအပ်သလို နောက်ထပ် သတ်မှတ်ထားတဲ့ BIOS Feature တွေကိုစစ်ဆေးပါတယ်။
၇။ ပြီးရင် System ကို Configuration လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ User Interface တွေကို Support လုပ်ပါတယ်။
၈။ နောက်ပြီး Boot လုပ်ဖို့အတွက်လိုအပ်သော Device တွေကို Identify လုပ်ပေးတယ်။ Organize စုစည်းပေးတယ်။
၉။ နောက်တစ်ခါ I/O Bus ဒါမမဟုတ် Controller ကိုစစ်ဆေးပါတယ်။ I/O Bus သို့မဟုတ် Controller တွေဟာ Video Subsystem တွေကိုလည်း Read/Write လုပ်နိုင်ရပါမယ်။
၁၀။ နောက်ဆုံးမှာ သတ်မှတ်ထားတဲ့ OS (Windows ) အတွက်လိုအပ်သော သို့မဟုတ် အသုံးပြုနေတဲ့ Windows က ဘယ် Program တွေလိုအပ်သလဲဆိုတာကို Construct စုစည်းပေးပါတယ်။
တကယ်လို့ ကွန်ပျူတာဟာ အထက်မှာပြောထားတဲ့ အချက်တွေအားလုံးထဲက တစ်ခုခုချွတ်ယွင်းခဲ့မယ်ဆိုရင် Post Error တွေထုတ်ပြပေးမှာဖြစ်ပါတယ်။ Post Code Error ကိုထုတ်ပြပေးမှာဖြစ်ပါတယ်။ ဥပမာ-CH000607 လိုမျိုးဖြစ်ပါလိမ့်မယ်။ အဲ့ဒီ Code ကိုကြည့်ပြီး ကိုယ်က ကွန်ပျူတာ ဘာကြောင့် Post ကို ကောင်းကောင်းမလုပ်နိုင်သလဲ ဒါမမဟုတ် ဘယ် Hardware အစိတ်အပိုင်းကပျက်သလဲဆိုတာကို သိနိုင်မှာပါ။ အဲ့ဒီ Code Error မှာပြတဲ့အစိတ်အပိုင်းကိုလိုက်ပြင်ပေးလိုက်ရင် ကောင်းသွားမှာပါ။ ဒါဆိုရင် ကွန်ပျူတာမှာ Post ဆိုတာ ဘယ်အပိုင်းကိုပြောတာလဲ။ သိမယ်နော်။ Post ဆိုတာ ကွန်ပျူတာကို Power ဖွင့်လိုက်ပြီဆိုတာနဲ့ လုပ်ဆောင်တဲ့ အလုပ်ဟာ Postပဲ ဖြစ်ပါတယ်။
အဲဒီ Post လုပ်ပြီးလို့ Post ကိုအောင်မြင်ပြီဆိုတာနဲ့ Boot ကိုဆက်လုပ်ဆောင်တာဖြစ်ပါတယ်။ အဲဒီတော့ Boot Features ကိုရောက်ဖို့အတွက် Post အောင်မြင်မှ ဖြစ်မှာပါ။
အဲဒီလို ကွန်ပျူတာ Post လုပ်တဲ့အဆင့်ကိုအောင်မြင်စွာပြီးဆုံးသွားပြီဆိုရင် ဒုတိယ အဆင့်အနေနဲ့ ကွန်ပျူတာ Boot စလုပ်ပါတယ်။ Boot လုပ်တယ်ဆိုတာ ဘာကိုပြောတာလဲ။ Boot လုပ်တယ်ဆိုတာက ကွန်ပျူတာမှာ အသုံးပြုတဲ့ Program တွေကို သွားခေါ်တာဖြစ်ပါတယ်။ ဘယ်လိုမျိုး Program တွေလဲ။ System Files တွေနှင့် Windows ကိုသွားပြီး Loading လုပ်တာ၊ သွားခေါ်တာဖြစ်ပါတယ်။
အဲဒါက ကွန်ပျူတာ Boot လုပ်တာပဲဖြစ်ပါတယ်။ Boot ဆိုတာ Bootstraps Load ရဲ့ အတိုကောက်ခေါ်တာဖြစ်ပါတယ်။ အဲဒီ ကွန်ပျူတာ Boot လုပ်တာကို Boot Loader ကနေလုပ်ပေးတာဖြစ်ပါတယ်။ ကွန်ပျူတာ Boot လုပ်တယ်ဆိုတာက ကွန်ပျူတာ System Files နှင့် (OS) Windows ကို Loading လုပ်တာပါ။ အဲဒါကို တနည်းအားဖြင့် Boot Sequences လို့လည်းခေါ်ပါတယ်။ System File တွေကို သွားခေါ်တယ်ဆိုတာက ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Windows ( Operating System ) ကအသုံးပြုတဲ့ Files တွေကို သွားခေါ်တာဖြစ်တယ်။ System Files တွေဆိုတာက ဘာတွေလဲ။ System Files တွေဆိုတာက Windows ( Operating System ) ကအလုပ်လုပ်နိုင်ဖို့အတွက် အသုံးပြုရတဲ့ Files တွေဖြစ်တယ်။ Operating System ဖြစ်တဲ့ Windows ဟာ အဲဒီ Files တွေရှိမှ အလုပ်လုပ်တာဖြစ်ပါတယ်။ အဲဒီ System File တွေဟာ မိမိရဲ့ ကွန်ပျူတာမှာ Windows ကိုစပြီးတင်လိုက်ကတည်းက Windows နှင့်အတူ Default ပါလာတဲ့ File တွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ Windows ကောင်းကောင်းအလုပ်လုပ်ဖို့အတွက် ဒီ System File ဆိုတာကိုသွားခေါ်ရပါတယ်။ အဲဒီ System File တွေကို Hard Disk ကနေမှ Memory ပေါ်သို့ဆွဲတင်တာဖြစ်ပါတယ်။ အဲဒီ System File တွေကို Shortcut Key နှိပ်ပြီးကြည့်လို့ရပါတယ်။ Ctrl+Alt+Del နှိပ်ပြီးကြည့်လို့ရပါတယ်။ Windows Task Manager ဆိုတဲ့ Box လေးနဲ့ပြပေးပါလိမ့်မယ်။ အဲဒီ File တွေကအရမ်းအရေးကြီးပါတယ်။ ဒီ System File တွေ Loading လုပ်လို့မရဘူးဆိုရင်တော့ Windows တက်မှာမဟုတ်ပါဘူး။ ကွန်ပျူတာတစ်လုံးမှာ ဒီ Windows နဲ့ပဲ အဓိက အလုပ်လုပ်နေတာပါ။ ဒီ Windows မရှိဘူးဆိုမှတော့ ကွန်ပျူတာမှာ သိပ်ကိုအရေးပါပါတယ်ဆိုတဲ့ Devices တွေ၊ Bus တွေ၊ RAM တွေ၊ CPU တွေက ဘာမှလုပ်လို့မရတော့ဘူး။ ဟုတ်တယ်နော်။ ဒီတော့ ဒီအဆင့်ဟာ သိပ်ကိုအရေးကြီးပါတယ်။ နောက်ပြီး System Files တွေကို မှားပြီးဖျက်တာတွေဘာတွေ မလုပ်မိပါစေနဲ့။ System Files တွေကိုသွားပြီး Loading လုပ်ပြီးတာနဲ့ Windows ကိုသွားခေါ်ပြန်ပါတယ်။ အဲဒါတွေက System ပိုင်းအရသာပြောလို့ရပါတယ်။ Application တွေကိုအသုံးပြုသလိုမျိုး ကိုယ်တိုင်ကိုယ်ကျသွားလုပ်လို့မရပါဘူး။ ဒါက System က သူ့ဘာသာသူ လုပ်နေတဲ့အဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်တွေကိုကျော်မှပဲ ကွန်ပျူတာကို မိမိသုံးချင်တာသုံးလို့ရမှာပါ။
ဒီလို System File လေးတွေခေါ်တင်လိုက်တာကိုပဲ Boot လုပ်တယ်လို့ခေါ်တာပါ။
ကွန်ပျူတာတစ်လုံးမှာ Post ရယ် Boot ရယ်အောင်မြင်ပါမှ ကျန်တဲ့ Application တွေအသုံးပြုမှုတွေကို စတင်ပြီးတော့လုပ်လို့ရမှာ ဖြစ်ပါတယ်။ ကဲ ဒါဆို Post ရယ်၊ Boot ရယ်ဆိုတာကို နားလည်မယ်လို့ထင်ပါတယ်။ ဒါဆို Post နှင့် Boot ကိုရှင်းတာကို ဒီမှာတင်ပဲ အဆုံးသတ်လိုက်တော့မယ်နော်။

No comments:
Post a Comment