Tuesday, October 4, 2011

ခေါင်းစဉ်မှရှိ (စဉ်းစားပေးပါရန်)

လူယုတ်မာတယောက်မဟုတ်ပေမယ့် ဟန်ဆောင်မှုတွေနဲ့ ရိုးသားတယ်၊
ကိလေသာ နဲ့ တစ်ယောက်ချင်း စိန်ခေါ်ထိုးတယ် သရေကျတယ်
သူလဲ သူ့အိမ်သူပြန် ကိုလဲ ကို့အိမ်ကိုပြန်
ရှိရင်းစွဲကတော့ ရှိရင်းစွဲပဲ
ငမိုက်သားဖြစ်ဖို့ လက်တကမ်းအကွာပဲလိုတယ်
အာလာဒင် မဟုတ်သလို ဘင်လာဒင်လဲ မဟုတ်ဘူး
ရေအကြောင်း မီးသိသလို မီးအကြောင်းလဲ ရေသိတယ်
ဒါကြောင့် မင်းအကြောင်း ငါ သိသလို ငါ့အကြောင်းလဲ မင်းသိရမယ်
ရှာကြံဝယ်ဖတ်ပေါ့ကွာ သမ္မတ လင်ကွန်းအကြောင်း
သူနဲ့ငါ ခပ်ဆင်ဆင်ပါပဲ (ဆင်းရဲပုံ)
ငါးပိကောင်တစ်ကောင်ရဲ့ အသက်ဘယ်လောက်ရှည်သလဲ
ကမ္ဘာကြီးသည် ကျောင်းတွင်လုံး၍ အိမ်တွင်ပြားသည်
ကြွက်သည် လစ်လျင် ပေါ်တင်စား၍ မလစ်လျင် ခိုးဝှက်စားသည်
နေ့တာတို၍ ညတာရှည်သည်
ညတာတို၍ နေ့တာရှည်သည်
တခါတရံ သမသမတ်ရှိသည်
ရှေးထုံးကို ပါးစပ်မှ ပြော၍ ဈေးသုံးကို လက်မှသုံးသည်
တမာသည်ခါး၍ သရက်သည်ချိုသည်
ဇီးဖြူသီးသည် ကိုက်စဉ်ဖန်၍ ၀ါးလျင်ချိုသည်
တီတီတာတာပြောသည် လိုတာမရလျှင် မျက်ရည်ကျသည်
ကလေးပေါက်စနှင့် ရည်းစားပေါက်စများစွာတူလှသည်
အထာမသိလျှင် ခါးချိနိုင်သည်။
ထို့ကြောင့် မချဉ်မတူး ရစ်မူးစေသော ယမကာကို
နေ့စဉ်မနား တခွက်နှင့်တခွက်ကြား နားနားသောက်လျှင်
ရှည်မှာကသံသရာ၊ တိုမှာက ဘ၀၊ ထွက်မှာက အသက်...
မပြောလည်းခက် ပြောလည်းခက်မို့
ရောက်တတ်ရောက်ရာ ခဏရပ်မယ်.........။

No comments:

Post a Comment